မိဘနဲ့သားသမီးကြားကငွေရေးကြေးရေးကိစ္စ
ဒေါက်တာဌေးအောင်
မိဘဆိုတာ သတ္တဝါတိုင်းလိုလိုမှာ ရှိကြပေမယ့် မိဘက သားသမီးအတွက် တာဝန်ယူ၊ ပြုစု၊ သင်ကြား ပေးတတ်တာတွေကိုတော့ လူအပါအဝင် တစ်ချို့ သတ္တဝါတွေမှာဘဲ တွေ့ရတတ်ပါတယ်။ ဒီလိုတာဝန်ယူ၊ ပြုစု၊ သင်ကြား ပေးတတ်တဲ့ အထဲကမှ ကာလ အပိုင်းအခြားတခုရောက်ရင်တော့ တာဝန်တွေရပ်ပြီး သားခွဲတတ်ကြတာ ဓမ္မတာပါ။ သားမခွဲဘဲ တစ်သက်လုံးတာဝန်ယူတတ်တာတော့ “လူ” သတ္တဝါဘဲရှိမယ်ထင်ပါတယ်။ ဒီတော့ မိကနဲ့ သားသမီးရေရှည်ဆက်ဆံရေးကို တည်ဆောက်ကြရပါတယ်။ အဲဒီရေရှည်ဆက်ဆံရေးတွေထဲကမှ ငွေရေးကြေးရေးနဲ့ ပတ်သက်တာတွေကို ဒီဆောင်းပါးမှာ ဆက်လက်ဆွေးနွေးသွားပါ့မယ်။
ရေရှည်ဆက်ဆံရေးဆိုတဲ့အတိုင်း တကယ့်ကို ရှည်ပါတယ်။ မိဘ ဒါမှမဟုတ် သားသမီး တစ်ဦးဦး မဆုံးပါးမချင်း ဒီဆက်ဆံရေးက တည်ရှိနေမှာပါ။ ဆက်ဆံရေးပုံစံကလည်း ကာလအပိုင်းအခြားကိုလိုက်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ပြောင်းလဲရမယ့် ဆက်ဆံရေးကို ဂရုမထားမိဘဲ မိဘဘက်ကဖြစ်ြဖစ်၊ သားသမီး ဘက်ကဖြစ်ဖြစ်၊ နှစ်ဘက်စလုံးကဖြစ်ဖြစ် ပျက်ကွက်ခဲ့ရင် ဆက်ဆံရေးမှာ အဖု အထစ်တွေ ဖြစ်လာတော့ တာပါဘဲ။ ဆက်ဆံရေးပုံစံ ပြောင်းလဲရတတ်တဲ့ ကာလတွေကို သားသမီးတွေရဲ့ အသက်ပေါ်မူတည်ပြီး (၄) ပိုင်းလောက်ပိုင်းလို့ရပါတယ်။ အသက်(၁၂)နှစ်အောက် ကလေးအရွယ်ကာလ၊ (၁၈)နှစ်အထိ လူငယ် အစပိုင်းကာလ၊ (၁၈) နှစ်နဲ့ (၂၅)နှစ်ကြား လူငယ်ဘဝ အဆုံးပိုင်းကာလနဲ့ အသက် (၂၅)နှစ်အထက် လူကြီးပိုင်းကာလဆိုပြီး ခြွဲခားထားလို့ရပါတယ်။
အသက်(၁၂)နှစ်အောက် ကလေးအရွယ်မှာ ဖြစ်တတ်တာက (၂)ခုဘဲရှိပါတယ်။ ကလေးကို သိပ်ချစ်လို့ဆိုပြီး မရှိ ရှိတာနဲ့ ကြံဖန်ပြီး ပူဆာသမျှဝယ်ပေး၊ အလိုလိုက်တာမျိုးရယ် ၊ နောက်တစ်မျိုးကတော့ ကျောင်းထားပေးရင်၊ အစာကျွေးပေးရင် တာဝန်ကျေပြီဘဲ၊ တခြားဘာမှမလိုပါဘူဆိုပြီး ပစ်ထားတတ် တာမျိုးပါ။ မိဘတွေရဲ့ ငွေကြေးချမ်းသာမှု အဆင့်အတန်းက အမျိုးမျိုးရှိနိုင်တော့ ဘယ်လောက်ဖိုး ဝယ်ပေးသင့်တယ်၊ ဘယ်လောက်တော့ မကျော်သင့်ဘူးဆိုပြီး မပြောနိုင်ပေမယ့်၊ မူလတန်းကလေး တစ်ယောက်ကို မုန့်ဖိုး တစ်နေ့ ၅၀၀၀-၁၀၀၀၀ ပေးနေတာမျိုးကတော့ ဒီကနေ့ မြန်မာပြည်စံနှုန်းနဲ့ဆိုရင် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေမယ် ထင်ပါတယ်။ ကျောင်းမှာသူများတွေ ဝယ်စားနေတာကို ငေးကြည့်နေရတာမျိုးလဲ မဖြစ်စေချင်ပါဘူး။ တကယ့်ကို မတတ်နိုင်လို့ မပေးနိုင်တာဆိုရင်လည်း အကျိုးအကြောင်း သေသေချာချာရှင်ပြပြီး ကိုယ်တတ်နိုင်သလောက်ပေးရင် ဒီခေတ်ကလေးတွေ နားမဝေးတတ်ကြပါဘူး။ တစ်ခုရှိတာက ကလေးကိုတော့ ခြိုးခြံခိုင်းပြီး ကိုယ်ကိုယ်တိုင်က သောက်စား၊ သုံးဖြုံးနေရင်တော့ နားမဝေးပေမယ့် နားမဝင်နိုင်ပါဘူးဆိုတာပါဘဲ။
တတ်နိုင်တဲ့ မိဘတွေ၊ ဆွေမျိုးတွေရှိလို့ မုန့်ဖိုးတွေ ကလေးဆီမှာများနေရင်လည်း ကလေးကို သိမ်းခိုင်းထားတာထက် မိဘက စာရင်းလုပ်ပြီးသိမ်းထားပေး၊ ဖြစ်နိုင်ရင်လစဉ် အတိုးသဘောမျိုး နဲနဲပါးပါးထပ်ဆောင်းပေး၊ သူဝယ်ချင်တာရှိရင်လည်း အဲဒီထဲက အချိုးအစားနဲနဲဘဲ ဖြစ်ဖြစ်စိုက်ပြီးဝယ်ခိုင်း၊ ဒါဆိုရင် ငွေရဲ့အတိုးအပွားသဘော သဘာဝကိုပါ သင်ပေးပြီးသားဖြစ်သွားပါမယ်။ ဘဏ်မျာအပ်ထား ပေးတာမျိုးအထိ အဆင်ပြေရင်တော့ ပိုကောင်းတာပေါ့။ ကလေးလက်ထဲမှာ ပိုက်ဆံများများ မထားတော့ အလွယ်တကူ မပျောက်ဘူး၊ မသုံးမိဘူး၊ အိမ်မှာရှိတဲ့ တခြားသူတွေလည်း တာဝန်ပေါ့တယ်။ တော်ကြာ ကလေးပိုက်ဆံပျောက်တာနဲ့ အိမ်ဖေါ်လေး အရိုက်ခံရတာ ဖြစ်နေပါဦးမယ်။
နောက်တစ်ပိုင်း (၁၂)နှစ်ကနေ (၁၈) နှစ်ကြားကာလကတော့ အခက်ခဲဆုံးကာလပါဘဲ။ ကလေး လိုလဲ ဆက်ဆံလိုမရ၊ လူကြီးလိုလဲ တာဝန်မယူချင် တဲ့ကာလပါ။ လှချင်၊ ပချင်၊ ကြွားချင်၊ ဝါချင်တဲ့ စိတ်လေးတွေကလည်းပေါ်။ အပြိုင်အဆိုင် ကလည်းများ။ လူပျိုပေါက်၊ အပျိုပေါက်။ ဇီးကွက်လို မျက်စိပြူးအောင်ရှာရတဲ့ ဈေးကွက်စီးပွားရေး စနစ်မျာဆို ပိုဆိုးသေး။ ဘဝရဲ့အစ တက္ကသိုလ်တွေ စဝင်ဖို့၊ လိုင်းခွဲဖို့ကလည်း ဒီကာလမှာ။ အဲဒီမှာ မိဘနဲ့သားသမီး အားပြိုင်ကြတော့တာပါဘဲ။
တွေ့ဘူးတဲ့ ဥပမာတစ်ခုပြောပါမယ်။ သား(၁၀)တန်း ဖြေမယ့်နှစ်မှာ မိဘကိုပူဆာတာက iphone ဝယ်ပေးရမယ်။ တစ်လ (၆)သိန်းတန် ဘော်ဒါထားပေးရမယ်တဲ့။ မိဘက ဘယ်လောက်တတ်နိုင်လဲ။ တတ်နိုင်တယ်ထားဦး ရလာတဲ့ iphone နဲ့အလုပ်ရှုပ်နေပြီး ကျောင်းစာမှာပျက်ကွက်ရင်ကော။ ဒီလိုပါဘဲ သူငယ်ချင်းတွေကို အားကျပြီး မွေးနေ့ကို ဟိုတယ်မှာတက်လုပ်ပေးပြီး တစ်ညထဲနဲ့ (၁၅)သိန်း အကုန်ခံလိုက်ရင် မိဘတာဝန်ကျေသွားပြီလား။ သေချာတာကတော့ နောက်နှစ်မွေနေ့မှာ (၂၅)သိန်း ကုန်ဖို့ မှန်းထားရပါမယ်။
ဒီကိစ္စမျိုးကိုဖြေရှင်းတဲ့နည်းက လွယ်လွယ်လေးပါ။ မိဘနဲ့သားသမီး အားမပြိုင်ကြပါနဲ့။ မိဘက ငါငွေကုန်ခံထားတယ် နင့်ဘက်ကတာဝန်ကျေဖို့ကြိုးစား ဆိုတာမျိုး သဘောမထားနဲ့။ သားသမီး ဘက်ကလည်း အမေတို့ကဒီလောက်ဘဲပေးတာ၊ သူငယ်ချင်းတွေဆိုရင် ဒီလောက်သုံးတာ၊ သူတို့လို ပေးနိုင်လို့လားဆိုပြီးမဆိုးပါနဲ့။ ပြောရရင် ကိုယ့်မိသားစုရဲ့ တစ်လဝင်ငွေရဲ့ ဘယ်အချိုးအစားကို သားသမီးအတွက် သုံးနေပြီးလဲ ဆိုတာပြန်စဉ်းစားပါ။ မိသားစုဝင်ငွေက (၁၀၀) ရှိတယ်ဆိုရင် လုပ်ငန်း အတွက်ပြန်ရင်းနှီးဖို့ကို(၂၅)၊ အိမ်အသုံးစရိတ်က(၅၀)၊ လျှူဒါန်းဖို့က(၁၀)၊ စုဆောင်းတာက(၁၀)၊ တခြား အထွေထွေကိစ္စတွေအတွက်က(၅) ဆိုပြီးရှိတယ်ဆိုပါတော့။ အိမ်အသုံးစရိတ်(၅၀)ထဲကမှ (၂၅) က သားသမီးအတွက်ဖြစ်နေရင် စဉ်းစားရပါပြီ။ အဲဒီ(၂၅)ချိုးထဲမှာ တကယ်ကုန်တာက ကျူရှင်ဖိုး၊ ကျောင်းလခ။ တနည်း ပညာရေးအတွက် ရင်းနှီးတာဆိုရင်တော့ ရင်းနှီးသင့်ပါတယ်။ ဒါမှမဟုတ် iphone ကိစ္စ၊ သူ့လက်ကိုင်ဖုံးအတွက် မြန်မာ့ဆက်သွယ်ရေးကို လစဉ်ပေးနေရတာ ဆိုရင်၊ စတိတ်ရှိုးသွားချင်လို့၊ ဖိနပ်ဝယ်ချင်လို့….. စသည် စသည် တို့အတွက်ဆိုရင်တော့ ချင့်ချိန်ဖို့ကောင်းပါပြီ။
မူလတန်းကလေးကို မုန့်ဖိုး (၅၀၀၀-၁၀၀၀၀) ပေးလို့ ပျက်စီးတတ်သလို၊ အလယ်တန်း အထက်တန်း အရွယ်တွေမှာ သူပူဆာသမျှ ဝယ်ပေးပြီး၊ သူတောင်းသမျှပေးပြီး ကိုယ့်သားသမီး ကိုယ်ဖျက်ဆီးလို့ရပါတယ်။ စာဖတ်ရတာညောင်းလို့ ကာရာအိုကေသွားမယ်၊ အနှိပ်ခန်းသွားမယ်ဆိုပြီး ငွေ (၂၀၀၀၀)ကျော်ကို တစ်ညထဲနဲ့ သုံးခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အဖြစ်က ရင်လေးစရာပါ။ ဒီိလိုသာသွားနေရင် ကူးစက်ရောဂါကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ တွေပါငြိသွားလို့ကတော့ သားသမီးရဲ့ အသုံးစားရိတ်အချိုး က(၂၅) ကနေ (၈၀-၉၀)အထိ တက်သွားနိုင်တယ် ဆိုတာတွေးပူထားပါ။
အစကတည်းက အားမပြိုင်ခဲ့ရင် ဒီလိုအဖြစ်တွေကလည်း ကင်းဝေးပါလိမ်မယ်။ တနည်း တူညီတဲ့ ပန်းတိုင် ရှိကြရင် ဒီလိုမဖြစ်ပါဘူး။ မိဘနဲ့ သားသမီးကြားမှာ နားလည်မှုရှိကြရပါမယ်။ ဒီနှစ်အဖို့ ငါတို့မိသားစုရဲ့ အဓိကရည်းမှန်းချက်ကဘာလဲ။ ဒီရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဘယ်လိုသွားကြ မလဲ။ ဘယ်သူတွေက ဘာတာဝန်ယူမလဲ။ ဒီအတွက် ဘယ်လောက်ကုန်ကျမလဲ။ ဆွေးနွေးတိုင်ပင်ရပါမယ်။ ဆွေးနွေးတိုင်ပင်တာဟာ ငွေပစ်ပေးတာ၊ ငွေကြိုက်သလောက်ယူသုံးခိုင်းတာထက် ပိုပြီးအချိန်ကုန်ပါ လိမ့်မယ်။ အဓိက အချက်က အချိန်ပေးရပါလိမ့်မယ်။ ဆွေနွေးဖို့အချိန်မရှိဘူး၊ ငွေရှာဖို့ အချိန်တောင် မလောက်ပါဘူ ဆိုရင်၊ အဲဒီငွေရှာတာကရော ဘယ်သူ့အတွက်လည်း ပြန်မေးကြည့်ပါ။ တစ်ပတ်မှာ (၁)နာရီ (၂)နာရီလောက်တောင် သားသမီးနဲ့ ဆွေးနွေးဖို့အတွက် အချိန်ပေးဖို့ မဖြစ်နိုင်ရင်တော့ ခင်ဗျားရှာတဲ့ ငွေဟာလဲ သားသမီးကို ဖျက်ဆီးဖို့သက်သက် ဖြစ်နေမလားဘဲ။ ငွေကအစားထိုးလို့ရပါတယ်။ အချိန်ပေးတာက အစားထိုးလို့မရပါဘူး။ မိဘမေတ္တာကို အချိန်နဲ့ အကောင်အထည်ဖေါ်ဘို့ ကြိုးစားပါ။ ငွေနဲ့ ပုံမဖေါ်မိပါစေနဲ့။ အဖေပြောပြဘူးတဲ့ ပုံပြင်တစ်ပုဒ်ဟာ တန်ဖိုးကြီးကြီးနဲ့ဝယ်ပေးခဲ့တဲ့ ကစားစရာတွေထက် သားသမီးတွေအတွက် အမှတ်တရဖြစ်နေတတ်ပါတယ်။
သားသမီးတွေဘက်ကလည်း ငွေတောင်းဖို့၊ ရစ်ဖို့ဘဲ မစဉ်းစားဘဲ ကိုယ့်မိဘအခြေအနေ၊ အခက်အခဲကိုနားလည်ပေးဖို့ပါ။ မိသားစုတာဝန်ဆိုတာ မိဘတွေဆီမှာဘဲ ရှိတာမဟုတ်ဘဲ သားသမီးတွေ ဆီမှာလဲရှိပါတယ်။ ပညာရေးရင်းနှီးမှုလို ငွေကြေးကို သုံးစွဲတာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် အပြိုင်သုံးနေရင်း ကိုယ့်ဘဝရဲ့ အခြေခံအုတ်မြစ်တွေ တည်ဆောက်နေချိန်မှာ အဖိုးတန်အချိန်တွေကို မဖြုန်းမိစေဖို့ပါ။ ပညာသင်ပြီး ပညာတွေတတ်တော့ ဘာလုပ်မှာလဲ လို့လက်ရှိအခြေအနေတွေကို ကြည့်ပြီး မပြောပါနဲ့။ တကယ်တတ်အောင်သင်ထားပါ။ သုံးပါရစေဆိုပြီး လာခေါ်ပါလိမ့်မယ်။ ဒီနေရာမှာ ပညာတတ် တယ် ဆိုတာကို အတန်းအောင်တာတစ်ခုထဲနဲ့တော့ မတိုင်းနဲ့ပေါ့။ တစ်ချိန်ထဲမှာဘဲ ကိုယ်တတ်နိုင် သလောက် မိသားစုတာဝန်တွေကိုယူပေးဖို့ပါ။ အကြောင်းတစ်ခုခုကြောင့် မိဘတွေ စီးပွားမရှာနိုင်ရင်တောင် ကွင်းဆက်မပြတ်တော့ဘူးပေါ့။
လူငယ်ဘဝရဲ့ အဆုံးသတ် (၁၈-၂၅) ကြားက ကာလတွေမှာ တစ်ချို့တစ်လေဆိုရင် အိမ်ထောင်တောင် ကျနေပါပြီ။ အိမ်ထောင်မကျသေးရင်တောင် လက်တွဲဖေါ်လေးတွေနဲ့ပါ။ တစ်ချို့ကလုပ်ငန်းခွင်မှာ။ တစ်ချို့ကပညာသင်တုန်း။ ဘဝပေးအခြေအနေအရ ပုံစံအမျိုးမျိုးနဲ့ပါ။ ပုံစံတွေသာ အမျိုးမျိုးကွဲနေတာ သေချာတာကတော့ ငွေကြေးလိုအပ်မှု ပိုများလာတတ်ကြတာပါဘဲ။ ကျားကြီးတော့ ခြေရာလဲကြီးမှာပေါ့။ အရေးကြီးတာက ခြေရာဘဲကြီးပြီး ခန္ဓာကိုယ် အလိုက်သင့်ကြီးမလာရင် လမ်းလျှောက်လို့မရပါဘူး။
ဒီကာလတွေမှာ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ လူငယ်တွေထဲက တစ်ချို့ဟာ ကိုယ့်ဝင်ငွေကို မိဘဆီအပ်ပြီး လိုသလောက် ပြန်တောင်းသုံးတတ်တာရှိပါတယ်။ (အပ်တာထက် ပြန်တောင်းတာက များချင်လည်း များနေတတ်ပါတယ်) တစ်ချို့ကတော့ ပြန်မအပ်ဘဲကိုယ့်ပိုက်ဆံ ကိုယ်သုံးတယ်၊ ပိုလဲမပေးဘူ။ လိုလဲမတောင်းဘူး။ ခပ်ရှင်းရှင်းပေါ့။ စနစ်နှစ်မျိုးလုံးမှာ ကောင်းကွက်ရော ဆိုးကွက်ပါ ရှိနေပေမယ့် တစ်နေ့ကျရင်ဘဝထဲ လျှောက်လှမ်းရတော့မှာမို့ ကိုယ့်ဝင်ငွေ ကိုယ်ချင့်ချိန်ပြီးကိုင်သုံးတာက ပိုကောင်းပါတယ်။ အလေ့အကျင့်လည်းရတာပေါ့။ သိတတ်လို့ မိဘကိုထောက်ပံ့ချင်ရင်လည်း အချိုးအစားတစ်ခု သတ်မှတ်ပြီး ထောက်ပံ့လို့ရပါတယ်။ လုပ်ငန်းခွင်အတွက် အရင်းအနှီး၊ ကျူရှင်အတွက် လုံးကနဲငွေလိုအပ်လာတာမျိုးအတွက်ကတော့ ထုံးစံအတိုင်း မိဘတို့ဝတ္တရားပေါ့။ ဒီနေရာမှာ မိဘရော သားသမီးဘက်ကပါ စဉ်းစားဖို့က သားသမီး တစ်ဦးတည်းရှိတာလား၊ တခြားသားသမီးတွေရှိခဲ့ရင်… သူတို့အတွက်ရော… ဆိုတာပါ။ သားကြီး မလေးရှားသွာဖို့ကို အိမ်ပေါင်ပြိးလွှတ်လိုက်တာ၊ သမီးအငယ်အတွက်ကျတော့ ဘာမှမကျန်၊ သားကြီးကလည်း မလေးရှားကပြန်လာပြီး မိန်းမယူသွားတယ် ဆိုတာမျိုးတွေ မဖြစ်စေဖို့ပါ။ တစ်ဦးတည်းသော သား၊ သမီးဆိုရင်တော့ ချစ်သမျှ ပုံအောချင်လည်း အောပေါ့။
အသက် (၂၅) နှစ်အထက် လူငယ်ဘဝ အဆုံးသတ်နဲ့ နောက်ပိုင်း လူလတ်၊ လူကြီး ဘဝတွေမှာလည်း မိဘနဲ့ သားသမီး ငွေရေးကြေးရေးကိစ္စတွေက ရှိတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ရပ်တည်တာရှိသလို၊ မိဘလက်ငုတ်လက်ရင်းလုပ်ငန်းနဲ့ ရပ်တည်တာမျိုးလဲရှိတတ်ပါတယ်။ မိဘလက်ငုတ်လက်ရင်းလုပ်ငန်းနဲ့ ရပ်တည်တာမျိးမှာ ထုံးစံအတိုင်း တစ်ဦးတည်းသော သားသမီးတွေ အတွက်က သိပ်ပြဿနာ မဟုတ်ပေမယ့် တစ်ဦးထက်ပိုလာရင်၊ မိဘရှိစဉ်ကတည်းက ပြတ်ပြတ်သားသား မရှိခဲ့ရင် မိဘတွေလည်း မရှိရော မောင်နှမတွေကြားမှာ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာတတ်ပါတယ်။
ဒီတော့မိဘရှိစဉ်မှာကတည်းက ဘယ်သူကတော့ ဘယ်လုပ်ငန်းကိုလုပ်၊ ဘယ်သူက ဘယ်အချိုး အစားနဲ့ယူ စသည်ဖြင့် ခွဲဝေပေးထားနှင့်ရင် နောင်ရေးစိတ်အေးရပါလိမ့်မယ်။ ဒီနေရာမှာ သာသမီးတွေဘက်က လိုအပ်နေတတ်တာ တစ်ခုကိုတင်ပြလိုပါတယ်။ တစ်ချို့မိဘတွေက ပုံမှန်ဝင်ငွေလေးနဲ့ စားနိုင်သောက်နိုင်ရှိမယ်၊ တချို့ဆို သားသမီးထက်တောင် ဝင်ငွေကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ ငါ မပေး၊ မကျွေးလည်းစားနိုင်တာဘဲ ဆိုပြိးပြန်လှည့်မကြည့်ဘဲ ရှိနေတတ်ပါတယ်။
တကယ်တန်းကျတော့ မိဘဆိုတာ သူ့ဟာသူ ဘယ်လောက်တတ်နိုင်တတ်နိုင် သားသမီးက ဝယ်ပေးလာပေးတဲ့ တစ်ရာတန် သရက်သီးတစ်လုံးကို စားရရင် ပိုချိုတတ်ပါတယ်။ သားသမီးတွေ အလိုက်သိတတ်ကြဖို့ပါ။ မိဘတွေဘက်ကလည်း အလိုက်မသိတတ်တာလည်းရှိတတ်ပါတယ်။ သူ့မိဘကတတ်နိုင်တာဘဲဆိုပြီး ယောက္ခမဘက်ကလှည့်မကြည့်တာမျိုး။ သူ့ယောက္ခမက သူဌေးဘဲ မိဘကလှည့်မကြည့်တာမျိုးတွေပါ။ အထူးသဖြင့် မွေးချင်းများရင် ဆိုးတဲ့သား၊ ပါရှားတဲ့သမီးကို စွန့်ကြဲပြီး၊ လိမ္မာတဲ့၊ တတ်နိုင်တဲ့ သားသမီးကြတော့ တတ်နိုင်သားဘဲဆိုပြီး မပေးတတ်၊ မကျွေးတတ်တာပါ။ တကယ်တန်းကျတော့ ကိုယ်ပေးရင် ကိုယ့်သားသမီး မျက်နှာရတာပေါ့။ အိမ်ထောင်ကျပြီးပြီဆိုရင် တစိမ်းဖက်နေပြီမို့ ကိုယ့်သားသမီးတွေက မမျှော်မြင်ရင်တောင်မှ သားမက်၊ ချွေးမတွေက မျှော်မြင်တတ်ကြ ပါတယ်။ ဒီတော့ ကိုယ့်မှာ သားသမီး(၁)ယောက်ထက်ပိုနေရင် အတတ်နိုင်ဆုံး မွေးအတူ၊ ကျွေးအတူ ဖြစ်အောင် စီမံပေးရင် အကောင်းဆုံးပါဘဲ။ ငိုတတ်တဲ့ ကလေးနို့ပိုစို့ရတယ်ဆိုတာ မိဘမစစ်မှဖြစ်တာပါ။ မိဘစစ်ရင် မငိုတတ်တဲ့ကလေး၊ ငိုဖို့တောင် အားမရှိတော့တဲ့ ကလေးကိုလည်း နို့တိုက်မှာပါ။
ဒီတော့ အချုပ်ဆိုရရင် မိဘနဲ့ သားသမီးဆိုတာရှိနေသမျှ မိဘနဲ့ သားသမီးကြားက ငွေရေကြေးရေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးဆိုတာ ကမ္ဘာတည်သရွေ့ရှိနေမှာမို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မေတ္တာစေတနာထားရင်း၊ ကိုယ့်တာဝန်ကိုယ်ကျေအောင် ကြိုးစားကြရင်ဖြင့် အထူးအထွေ ပြဿနာမရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
မေတ္တာဖြင့်
ဒေါက်တာဌေးအောင်